မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း ဘေးမှာရှိတဲ့ DENKO စက်သုံးဆီဆိုင်ကို PDF အဖွဲ့က ဝင်ရောက် ဓားပြတိုက်ပြီး ဆီဆိုင်ဝန်ထမ်း (၂)ယောက်ကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီအချိန်လောက်က DENKO စက်သုံးဆီဆိုင်ကို ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်ပါတဲ့ PDF အဖွဲ့ ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းတွေဆီက ဖုန်း ၄ လုံး၊ ရွှေနားကပ်နှစ်ရန်၊ ဆိုင်ကယ် ၂ စီး၊ ဆီရောင်းရ ငွေ ကျပ် ၅ သိန်းနဲ့ ဆီဖြည့်ဖို့ ရောက်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ Honda Fit မော်တော်ယာဉ်တစ်စီးတို့ကို ဝင် ရောက် ဓားပြတိုက်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ဆီဆိုင်မန်နေဂျာနဲ့ ဒုမန်နေဂျာတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညောင်တိုကျေးရွာဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရလို့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြပါ တယ်။

နယ်မြေရှင်းလင်းစဉ် စက်သုံးဆီဆိုင်ရဲ့ အနောက်တောင်ဘက် ၅ မိုင်အကွာအရောက်မှာ PDF အဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး PDF နှစ်ယောက်ကို လက်နက်ခဲယမ်းတွေနဲ့ အသေဖမ်းမိကာ ကျန်တဲ့လေးယောက်က ထွက် ပြေးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာတော့ DENKO စက်သုံးဆီဆိုင်ကို ဝင်ရောက်ဓားပြတိုက် လုယက်ပြီး ဆီဆိုင်ဝန်ထမ်းနှစ်ယောက်ကို ဖမ်း ဆီးခေါ်ဆောင်သွားသူတွေကို ညောင်ဦးမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ခ)နဲ့ အမှု ဖွင့်ထားပါတယ်။




