ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူသေဆုံးမှုဖြစ်ရင် သေဒဏ် ချမှတ် နိုင်တဲ့ ပြဋ္ဌာန်းချက်ပါဝင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေး ဥပဒေကို ဇူလိုင် ၂၉ ရက် ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းလိုက်ပါ တယ်။အခုပြဋ္ဌာန်းတဲ့ ဥပဒေကတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တာကို တားဆီးနှောင့်ယှက်ခြင်း က ကာကွယ်ဖို့၊ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားခြင်းက ကာကွယ်ဖို့၊ လွတ်လပ်စွာ ဆန္ဒမဲပေးရေးကို နှောင့်ယှက်တားဆီးခြင်းက ကာကွယ်ဖို့နဲ့ မဲရုံနဲ့ မဲရုံတာဝန်ကျသူတွေ လုံခြုံမှု အပြည့်အဝနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ဥပဒေပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

ပြဋ္ဌာန်းတဲ့ ဥပဒေထဲမှာတော့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး နှစ်ယောက်၊ အဖွဲ့ဝင်တွေအဖြစ် ဒုတိယဝန်ကြီး ၆ ယောက်၊ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာနက ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်နဲ့ တွဲဖက်အတွင်း ရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဦးစီးအရာရှိချုပ်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဆိုပါတယ်။အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို ပျက်ပြားစေဖို့ ဟော ပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြုတာ ဒါမှမဟုတ် စာရေးသား ဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ရင်တော့ ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ခုနစ်နှစ်ထိ ချမှတ်ရမယ့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သလို လူစုလူဝေးနဲ့ ဖောက်ဖျက်ကျူးလွန်ရင်တော့ ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်ထိ ချမှတ်ရ မယ့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒါမှမဟုတ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မဲရုံ ဒါမှမဟုတ် မဲရုံအဖြစ် အသုံးပြုတဲ့ အဆောက် အဦ၊ မဲလက်မှတ်၊ မဲပုဲး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိန်းသိမ်းထားတဲ့ အဆောက်အဦကို ဘယ်လိုနည်းနဲ့မဆို ဖျက်ဆီးတာ၊ ပျက်စီးအောင်လုပ်တာ ဒါမှမဟုတ် ထိခိုက်ဆုံးရှုံးစေတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။မဲဆန္ဒရှင်တွေကို ဆန္ဒမဲမပေးနိုင်ဖို့ ခြိမ်းခြောက်၊ ဟန့်တား၊ မလျော်ဩဇာသုံးတာ၊ မိမိအလိုအလျောက် နာကျင်စေ တာ၊ အပြင်းအထန် နာကျင်စေတာတွေ ပြုလုပ်မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် နှစ်ဆယ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေကို တာဝန်မထမ်းနိုင်စေဖို့ ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တာ ၊ မိမိအလိုအလျောက် နာကျင်စေတာနဲ့ အပြင်းအထန် နာကျင်စေတာ တွေ ပြုလုပ်မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် နှစ်ဆယ်အထိ ချမှတ် ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်အရ သိရပါတယ်။အခုပြဋ္ဌာန်းတဲ့ ဥပဒေမှာပါတဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူသေဆုံးမှု ဖြစ်ရင် ပြစ်မှုကျူးလွန်ရာမှာ ပါဝင် သူတွေကို သေဒဏ်ချမှတ်ရမယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ လိုအပ်ရင် ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လူပုဂ္ဂိုလ်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြပါရှိပါတယ်။




