နယူးကာဆယ်အသင်းဟာ အင်္ဂလန်ဂိုးသမား ရမ်စ်ဒေးကို ခေါ်ယူဖို့အတွက် ဆောက်သမ်တန်အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ရမ်စ်ဒေးကို အငှား(သို့မဟုတ်) အပြီးသတ် ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားပြီး ပြီးခဲ့တဲ့ရာသီအကုန်မှာ တန်းဆင်းသွားရတဲ့ ဆောက်သမ်တန်အသင်းက ရမ်စ်ဒေးကို အပြီးသတ်ရောင်းချလိုတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ ရမ်စ်ဒေးကို ၂၀၂၄ ဩဂုတ်လမှာ ဆောက်သမ်တန်အသင်းက အာဆင်နယ်အသင်းဆီကနေ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး အခုချိန်မှာလည်း ဝယ်ဈေးလောက်နဲ့ ပြန်လည်ရောင်းချဖို့ကို ဆန္ဒရှိနေတာဖြစ်ပါတယ်။ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘန်လေဂိုးသမား ထရက်ဖို့ဒ်ကို ပေါင် ၂၇ သန်းနဲ့ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ထရက်ဖို့ဒ်ကို ပြန်ခေါ်ခွင့်ရှိနေတဲ့ အချက်ကို အသုံးချပြီး ပြန်ခေါ်သွားခဲ့လို့ အခုအခါမှာ ရမ်စ်ဒေးကိုခေါ်ဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကို နည်းပြ အက်ဒီဟောင်း ကိုင်တွယ် ချိန်က ဘုန်းမောက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဂိုးသမား နစ်ပုပ်နဲ့ ရမ်စ်ဒေးတို့ဟာ အခုလည်း နည်းပြ အက်ဒီဟောင်းလက်အောက်မှာ ပြန်လည်လက်တွဲရဖို့ ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန် အသင်းအတွက် ပွဲပေါင်း ၃၀ ကစားပေးခွင့်ရခဲ့တဲ့ ရမ်စ်ဒေးကလည်း ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။




