ကရင်ပြည်နယ်၊ ဘားအံမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ သံလွင်မြစ်ရေ မြင့်တက်တာကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားကာ ဇူလိုင် ၂၈ ရက်၊ မနက်ပိုင်းကစပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီရွှေ့ပြောင်းခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)က သိရပါတယ်။ရေဘေးသင့် ပြည်သူတွေကိုတော့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေနဲ့ ဒေသခံပရဟိတအသင်းတွေ စုပေါင်းပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ကူညီရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါ တယ်။

အရင်နှစ်ကလောက် အခြေအနေ သိပ်မဆိုးသေးပေမယ့် ကြိုတင်ရွှေ့ပြောင်းတာတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လက်ရှိမှာတော့ ဘားအံမြို့အတွင်း ရေဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ် ထား ပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ အကူအညီတောင်းခံသူတွေရှိရင် လူအင်အား၊ လှေအင်အား၊ စက် အင်အား၊ ကားအင်အားတွေနဲ့ အကူအညီပေးဖို့ အဆင်သင့်ရှိနေတယ်လို့ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)က ပြောပါတယ်။




