ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ရွှေကျင်မြစ်ရေနဲ့ စစ်တောင်း မြစ်ရေတွေ မြင့်တက်လာတာကြောင့် ရေဘေးသင့်ပြည်သူ (၃၀၀၀)ကျော်အထိ ရှိလာတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ဇူလိုင် ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ထိ အိမ်ထောင်စု(၆၄၇)စုက လူဦးရေ(၃၁၄၆)ယောက်ဟာ ယာယီ ရေဘေးရှောင်စခန်းတွေမှာ ရောက်ရှိ နေထိုင်နေရပြီး စာသင်ကျောင်း( ၁၀)ကျောင်းကိုလည်း ယာယီပိတ်ထားရ တယ်လို့ ဆိုပါတယ်။

အဲဒီရေဘေးသင့်အိမ်ထောင်စုတွေအတွက် လိုအပ်တဲ့ အစားအသောက်တွေနဲ့ ဆေးဝါးတွေကို မြို့နယ် သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး ထောက်ပံ့လှူဒါန်းပေးနေတယ်လို့ သိရပါ တယ်။ရွှေကျင်မြို့မှာ ရွှေကျင်မြစ်ရေရဲ့စိုးရိမ်ရေမှတ်မှာ ၇၀၀ စင်တီမီတာဖြစ်ပြီး စစ်တောင်းမြစ်ရေရဲ့စိုးရိမ်ရေမှတ်မှာ ၁၀၇၀ ဖြစ်ပါတယ်။ ဇူလှိုင် ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေဟာ(၈၄၈) စင်တီမီတာနဲ့ စစ်တောင်း မြစ်ရေဟာ(၁၂၃၆)စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ တယ်လို့ ရွှေကျင်မြို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။



