အပစ်အခတ်ရပ်စဲရေးမျှော်လင့်ချက်အဖြစ် ဒီကနေ့ ဇူလိုင် ၂၈ ရက် တနင်္လာနေ့မှာ ကမ္ဘောဒီးယားနဲ့ ထိုင်း နိုင်ငံက တာဝန်ရှိသူတွေဟာ မလေးရှားမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အဲဒီဆွေးနွေးမှုအတွင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက အပစ်အခတ်ရပ်စဲရေးကို ကူညီပေးနိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက ပြောကြားလာတာကို Reuters သတင်းမှာ ပါရှိပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေ ကြပြီး အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေလည်း ရောက်ရှိနေတယ်လို့ မာကိုရိုဘီယိုက ပြောပါတယ်။နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှုကို မလေးရှားက ကြားခံအဖြစ် ဆောင်ရွက်ပေးဖို့ သဘောတူတဲ့တာ ပါ။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကလည်း ဇူလိုင် ၂၇ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက မလေးရှား သတင်းအေဂျင်စီ Bernama ကို ပြောကြားရာမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်နဲ့ ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝီချာယာချိုင်တို့ဟာ ဇူလိုင် ၂၈ ရက် တနင်္လာနေ့ ညနေပိုင်းမှာ မလေးရှားကို လာရောက်မှာ ဖြစ်တယ်လို့ ပြေဆိုခဲ့ပါတယ်။



