မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာတွေကြောင့် ဒေသတချို့မှာမိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်၂၆ရက်၊ မနက်၇နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မြေပြိုမှုအန္တရာယ်၊ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေး၊ ဆည်မြောင်းတာတမံတွေအနေနဲ့လည်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ အသိပေးနှိုးဆော်ထားပါတယ်။




