ဇူလိုင်လ ၁၉ ရက်နေ့က ဒူဘော့စ်ကို အနိုင်ယူပြီး အငြင်းပွားဖွယ်မရှိ ဟဲးဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ဒုတိယအကြိမ်မြောက် အောင်ပွဲခံခဲ့တဲ့ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကို စိန်ခေါ်သူ ပါကားနဲ့ ထိုးသတ်ဖို့ WBO က ညွှန်ကြားလိုက်ပါတယ်။

အသက် ၃၈ နှစ်အရွယ် အူဆက်ခ်ကို WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် နယူးဇီလန်နိုင်ငံသား ပါကားနဲ့ထိုးသတ်ဖို့ကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ ပါကားဟာ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံသား ကျန်ကျီလီကို အနိုင်ယူပြီးနောက် ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်နိုင်သူဖြစ်လာခဲ့တာပါ။ အူဆက်ခ်နဲ့ ပါကားတို့ ရက်ပေါင်း ၃၀ အတွင်း သဘောတူညီမှုရယူဖို့ ကြိုးစားရမှာဖြစ်ပြီး တကယ်လို့သဘောတူညီမှုမရခဲ့ဘူး ဆိုရင် WBO ဘက်က ဝင်ရောက်ဆွေးနွေးမှုပြုလုပ်မှာဖြစ်ပါတယ်။

ပါကားဟာ ၂၀၁၆ နဲ့ ၂၀၁၈ တွေမှာ WBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုတွေကိုရယူထားခဲ့ဖူးပြီး ၂၀၁၈ မတ်လမှာ ဂျော့ရှုအာကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံဆုကို လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ဂျော့ရှုအာကို ရှုံးနိမ့်ပြီးနောက်ပိုင်း ထိုးသတ်ခဲ့တဲ့ ၁၄ ပွဲမှာတော့ ပါကားဟာ ၂ ပွဲသာရှုံးနိမ့်ခဲ့သလို ချန်ပီယံဆု စိန်ခေါ်နိုင်သူနေရာကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ အူဆက်ခ် ကတော့ ဒူဘော့စ်ကို အနိုင်ယူပြီးနောက် ၂ လ၊ ၃လလောက် အနားယူဖို့လိုအပ်လိမ့်မယ်လို့ ပြောကြားထားပါ တယ်။အူဆက်ခ်ဟာ ပရိုကစားသမားဘဝ ၂၄ ပွဲထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိထားဘဲ ၁၅ ပွဲက ပြိုင်ဘက်ကို အလဲထိုးပြီး အနိုင်ရထားခဲ့တာဖြစ်ပါတယ်။



