နှစ်ဆယ့်တစ်လ ကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အများအပြား သေဆုံးခဲ့အပြင် လက်ရှိမှာ အဆိုးဝါးဆုံး အစာရေစာပြတ်လပ်မှု ကြုံနေရတယ်လို့ CNN သတင်းမှာပါရှိပါတယ်။နှစ်ဆယ့်တစ်လ ကြာတဲ့အချိန်မှာ ပိုမိုဆိုးရွားလာတဲ့ အစ္စရေးရဲ့ လုပ်ရပ်ကို အနီးဆုံး မဟာမိတ်တွေကပင် ရှုတ်ချ ပြစ်တင်တာတွေ တိုးပွားလာကာ အသက်သေဆုံးတာနဲ့ ငတ်မွတ်နေတဲ့မြင်ကွင်းတွေကလည်း ပိုမိုဆိုးရွားလာနေ ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အကူအညီတွေ ပိတ်ဆို့ထားတာကြောင့် ပါလက်စတိုင်းတွေ အမြောက်အမြား ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို ခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဇူလိုင် ၂၃ ရက် သတင်းစာ ရှင်းလင်း ပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။မိဘတွေက သူတို့ရဲ့ ကလေးတွေ အစာငတ်တာကို ကြိတ်မိတ်ခံစားပြီး အိပ်ဖို့သာပြောနေကြရတယ်။ ပြီးတော့ အစားအသောက် ဖြန့်ဖြူးရေးနေရာတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။

ဒါ့ကြောင့် အစာရေစာ ပြတ်လပ်မှု အခြေအနေက ပိုမိုဆိုးရွားလာတယ်လို့ ဂါဇာရှိကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။တစ်ဖက်မှာလည်း ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကို ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီတွေ အပြည့်အဝ ပြန်လည်စတင်ရေးအတွက် နိုင်ငံပေါင်း(၂၈)နိုင်ငံရဲ့ပူးတွဲတောင်းဆိုချက်ဟာ မှား ယွင်းပြီး အန္တရာယ်များတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့အကြံပေးတစ်ယောက်က ပြောကြားခဲ့ပါတယ်။




