လွန်ခဲ့တဲ့အနှစ် ၂၀ က ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဆင်တုပ်ကွေးရောဂါဗိုင်းရပ်စ်ဟာ လက်ရှိမှာလည်း အိန္ဒိယသမုဒ္ဒရာကနေ ဥရောပနဲ့ တခြားတိုက်ကြီးတွေကို ပျံ့နှံ့နေတာကြောင့် ဒီကပ်ရောဂါ ထပ်မဖြစ်ပွားရအောင်ကာကွယ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင်လ ၂၂ ရက်နေ့မှာ အရေးပေါ်တိုက်တွန်းချက် ထုတ်ပြန်ခဲ့တယ်လို့ The Straits Times သတင်းမှာဖော်ပြထားပါတယ်။

ဒီဗိုင်းရပ်စ်က အဖျားကြီးတာ၊ အဆစ်အမြစ်ကိုက်ခဲတာနဲ့ ရေရှည်မသန်စွမ်းတာတွေဖြစ်နိုင်ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက အိန္ဒိယသမုဒ္ဒရာကျွန်းတွေမှာ ဒီရောဂါ ပြန်ပြီးဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့၂၀၀၄-၂၀၀၅ ခုနှစ်တုန်းကလည်း ဒီလိုမျိုး ကူးစက်မှုကြီးဖြစ်ပွားခဲ့ဖူးပါတယ်။လက်ရှိမှာတော့ လာရီယူနီယန်ကျွန်းမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် ကူးစက်ခံထားရပြီး မာဒါဂါစကာ၊ ဆိုမာလီယာ၊ ကင်ညာ၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှမှာပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ဥရောပမှာလည်း ပြည်ပကနေဝင်ရောက်မှုနဲ့ ပြည်တွင်းကူးစက်မှုတွေများလာပြီး ပြင်သစ်မှာဆိုရင် ပြည်ပကရောက်လာတဲ့သူတွေထဲက ဆင်တုပ်ကွေးရောဂါဖြစ်ပွားသူ အယောက် ၈၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။

ပြင်သစ်တောင်ပိုင်းနဲ့ အီတလီမှာ ခရီးသွားလာတာမရှိဘဲ ဒေသတွင်းခြင်ကိုက်ခံရရာကနေ ဆင်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ရှိခဲ့ပါတယ်။ ကုသဆေးမရှိတဲ့ ဒီရောဂါတွေက ခြင်ကျားတွေကနေ အဓိကကူးစက်ပြီး အလျင်အမြန်ပျံ့ပွားနိုင်ပါတယ်။ဒီခြင်တွေက နေ့ဘက်မှာကိုက်တတ်တာကြောင့် ခြင်ပြေးဆေးတွေသုံးတာ၊ လက်ရှည်ဝတ်တာတွေနဲ့ ကြိုတင်ကာကွယ်ကြဖို့ WHOက အသိပေးထားပါတယ်။




