ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ လာမယ့်ရာသီ ရီးရဲလ်အသင်းမှာ ကျောနံပါတ် ၁၀ ကိုပြောင်းလဲဝတ်ဆင် သွားမယ်လို့ သိရပါတယ်။ အခုနွေရာသီမှာ အသင်းနဲ့လမ်းခွဲသွားတဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို အမ်ဘာပေက လွှဲပြောင်းရယူမှာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းမှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်နေတဲ့ အမ်ဘာပေဟာ ရီးရဲလ်အသင်းမှာလည်း ကျောနံပါတ် ၁၀ ရယူဖို့ကို အမြဲတမ်းဆန္ဒ ရှိထားပြီး အခုချိန်မှာတော့ သူ့ရဲ့ဆန္ဒက အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး လစ်လပ်နေတဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့ပါတယ်။ ကျောနံပါတ် ၉ နဲ့အတူ အမ်ဘာပေဟာ ရီးရဲလ်အသင်းအတွက် ပထမဆုံးရာသီမှာပဲ အံ့အားသင့်ဖွယ် သွင်းဂိုး မှတ်တမ်းတွေကို ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ရာသီအကုန်မှာ ရီးရဲလ်အသင်းက ဆုဖလားလက်မဲ့ ဖြစ်ခဲ့တဲ့ အတွက် အမ်ဘာပေရဲ့ စွမ်းဆောင်မှုက မထင်ပေါ်ဘူးဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမ်ဘာပေဟာ အပြောင်းအလဲ ဖြစ်လာစေဖို့အတွက် ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်မှာဖြစ်တယ်လို့ ရီးရဲလ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တွေဆီကနေ သိရပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါ သွင်းဂိုး ၃၁ ဂိုးသွင်းယူခဲ့ပြီး လာလီဂါ ရွှေဖိနပ်ဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။




