အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ AFF U-23 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(C)အဖွင့်ပွဲအဖြစ် မြန်မာယူ-၂၃ အသင်းနဲ့ တီမောယူ-၂၃ အသင်းတို့ ဇူလိုင် ၁၆ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာမှာ တစ်ဖက် ၄ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။မြန်မာအသင်းဟာ အခုပွဲမှာ ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်ရခဲ့ပေမဲ့ တီမောအသင်းက ကစားကွက်အပိုင်းရော ဘောလုံးပိုင်ဆိုင်မှုမှာပါ မြန်မာအသင်းထက် အစစအရာရာ ပိုမိုသာလွန်ခဲ့ပြီး လိုအပ်နေတဲ့ ချေပဂိုးတွေကို ရယူ သွားနိုင်ခဲ့တာပါ။

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ သန်းတိုးအောင်၊ ဇော်ဝင်းသိန်း၊ ရှိုင်းဝဏ္ဏအောင်နဲ့ မင်းမော်ဦးတို့က သွင်း ယူပေးခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းဟာ လာမဲ့ဇူလိုင်၂၂ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ထိုင်းယူ-၂၃ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု(C)မှာ ထိုင်းယူ-၂၃၊ တီမောယူ-၂၃ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက် နေတာပါ။ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ အုပ်စုပထမရတဲ့ အသင်းသုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရတဲ့ အသင်း တစ်သင်း တက်ရောက်မှာ ဖြစ်ပါတယ်။မြန်မာအသင်းပွဲစဉ်တွေ အပါအဝင် အခုကျင်းပနေတဲ့ AFF U-23 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်အားလုံးကို SKY NET Sport X ရုပ်သံလိုင်းကနေ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။




