အခုတစ်ပတ်ယှဉ်ပြိုင်မယ့် The Open (သည်အိုးပင်း) ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီံယံဆုကို ရယူနိုင်ဖို့ မျှော်လင့် ထားတယ်လို့ ကမ္ဘာ့အဆင့် ၁ အမေရိကန်နိုင်ငံသား ရှက်ဖလာက ပြောသွားပါတယ်။ အခုနှစ် ပီဂျီအေချန်ပီယံရှစ် ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ရှက်ဖလာဟာ ကစားသမားဘဝ မေဂျာဆုဖလား ၃ ခုနဲ့ ၂၀၂၄ ပဲရစ်အိုလံပစ် ရွှေတံဆိပ်ဆု တွေရရှိထားသူဖြစ်ပြီး သည်အိုးပင်းပြိုင်ပွဲမှာတော့ ၄ ခုမြောက် မေဂျာဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

သည်အိုးပင်း ချန်ပီယံဆုက ဂေါ့ဖ်အားကစားသမားတိုင်းအတွက် အိပ်မက်တစ်ခုဖြစ်သလို သည်အိုးပင်းချန်ပီယံဆုကို ရယူချင်တာကြောင့် ဂေါ့ဖ်အားကစားကို ဆက်ပြီး ကစားနေခဲ့တာ ဖြစ်တယ်လို့ အသက် ၂၉ နှစ်အရွယ် ရှက်ဖလာက ပြောသွားပါတယ်။ ကမ္ဘာ့အဆင့် ၁ နေရာကို ၁၁၂ ပတ်ကြာ ထိန်းထား နိုင်ခဲ့တဲ့ ရှက်ဖလာဟာ ပီဂျီအေတိုးပြိုင်ပွဲတွေကနေ ဆုကြေး ပေါင် ၆၅ သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ရှက်ဖလာဟာ အခု ၂၀၂၅ ခုနှစ်အတွင်း ပွဲစဉ် ၁၅ ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ပွဲစဉ် ၃ ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယ ၁ ကြိမ်နဲ့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ရပ်တည်နိုင်မှုက ၈ ကြိမ်အထိ ရှိထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံးလက်စွမ်းကို လာမယ့် သည်အိုးပင်းချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ဆက်လက်ပြသနိုင်ဖို့ကို ကြိုးစား သွားမှာဖြစ်တယ်လို့ ရှက်ဖလာက ပြောသွားပါတယ်။




