အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇူလိုင် ၁၄ ရက်က ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန် စကီးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ နေတိုး အတွင်းရေးမှူးချုပ် မတ်ရူတေးနဲ့ အိမ်ဖြူ တော်မှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တာတွေကို ဒေါ်နယ်ထရမ့်က ပြောပြခဲ့တယ်လို့ ဇယ်လန်စကီးက ဆိုပါတယ်။

ယူကရိန်းကို ဆက်လက် ကူညီပံ့ပိုးပေးဖို့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ယူကရိန်းမှာ တရားမျှတတဲ့ ထာဝရ ငြိမ်းချမ်းရေး ထူထောင်ဖို့ ပံ့ပိုးကူညီလိုတဲ့ ဆန္ဒအတွက် ကျေးဇူးတင်ကြောင်း၊ ရုရှားရဲ့တိုက်ခိုက်မှုတွေကနေ ယူကရိန်း ပြည်သူတွေကို ပိုမို ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းချက်တွေကို ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့ ကြောင်းနဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် သမ္မတနှစ်ဦးအကြား မကြာခဏ ဖုန်းဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြောင်းတွေကိုလည်း ဇယ်လန်စကီးက ရေးသားထားပါတယ်။

ဒါ့အပြင် ယူကရိန်းဆီ အမေရိကန်လက်နက်တွေ ရောက်ရှိစေရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ယူကရိန်းအတွက် အရေးပေါ် လိုနေတဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၇ ခုအထိ ပေးဖို့ စဥ်းစားထားသလို တချို့ကို ရက်ပိုင်းအတွင်းမှာ ပို့ပေးသွားမယ်လို့ ထရမ့်က ပြောပါတယ်။ ထရမ့်ရဲ့ အဆိုအရ အမေရိကန်ဆီက စစ်လက်နက်တွေကို NATO က လက်လွှဲဝယ်ယူပြီး ယူကရိန်းဆီ ခွဲဝေ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ လက်နက်တွေ ပို့ဆောင်မှုကို ဆိုင်းငံ့ထားတဲ့ ကာလအတောအတွင်း ဇယ်လန်စကီးက အမေရိကန်ရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းအတွက် အခက်အခဲတွေ ကြုံလာရစေနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။




