ဂါဇာအနောက်ဘက်ကမ်းဒေသ၊ ဆင်ဂျီလ်မြို့မှာ အစ္စရေး အခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနှစ်ဦးသေဆုံးခဲ့ပြီး ဒီထဲက တစ်ဦးဟာ အမေရိကန်နဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်း ဆင်ဂျီလ်မြို့မှာ ဇူလိုင် ၁၁ ရက် ညနေပိုင်းက အစ္စရေးအခြေချ နေထိုင်သူတွေနဲ့ ပါလက်စတိုင်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အသက် ၂၀ အရွယ်ရှိတဲ့ အမေရိကန်- ပါလက်စတိုင်း နှစ်နိုင်ငံသား ဆေဖ်ဖိုလာ မူဆာလက်ဆိုတဲ့ အမျိုးသားဟာ သေတဲ့အထိ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရပြီး နောက်ထပ် အသက် ၂၃ နှစ်အရွယ် မိုဟာမက် အယ်လ် ရှာလာဘီဆိုတဲ့ အမျိုးသားကတော့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။အစ္စရေးစစ်တပ်ဘက်ကတော့ ပဋိပက္ခဖြစ်တဲ့နေရာကို သူတို့တပ်ဖွဲ့ဝင်တွေ ရောက်ရှိခဲ့ပြီး ပါလက်စတိုင်း တစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့သလို နောက်တစ်ဦး သေဆုံးမှုကိုတော့ အချက်အလက်တွေ သေချာရှာဖွေနေဆဲလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက အနောက်ဘက်ကမ်းမှာ အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံးမှု အစီရင်ခံစာတွေ ရရှိကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ တခြားမှတ်ချက်ပေးတာတော့ မရှိပါဘူး။မူဆာလက်က ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကမှ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကနေ အနောက်ဘက်ကမ်းက သူ့မိသားစုရှိတဲ့ဆီ အလည်လာခဲ့တာ ဖြစ်ပါတယ်။မူဆာလက်ရဲ့ မိသားစုက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အစ္စရေး အခြေချသူတွေဟာ အခင်းဖြစ်ပွားပြီးနောက် ဆေးရုံကားတွေ ရောက်မလာနိုင်အောင်နဲ့ မူဆာလက်တို့တွေ အရေးပေါ်ဆေးဝါးကုသမှု မရနိုင်အောင် ၃ နာရီလောက် ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေး ဌာနကိုလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး အစ္စရေး အခြေချသူတွေထဲက မူဆာလက်ကို ဘယ်သူသတ်ခဲ့လဲဆိုတာ ဖော်ထုတ်အပြစ်ပေးဖို့ တောင်းဆိုထားပါတယ်။ဒီဖြစ်စဉ်ဟာ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးက အိမ်ရာတွေ ချဲ့ထွင်လာတာကြောင့် အစ္စရေးအခြေချ နေထိုင်သူတွေနဲ့ ပါလက်စတိုင်းတွေကြား ပဋိပက္ခပိုပြင်းထန်လာတာကို ညွှန်ပြနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။




