ပိုလန်ဂိုးသမား ဆက်ဇနီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၇ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက် ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆက်ဇနီဟာ ၂၀၂၄ ဩဂုတ်လမှာ ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် အောက်တိုဘာမှာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကြောင့် ဘောလုံးလောကထဲကို ပြန်ဝင်လာခဲ့ပြီး ရာသီကုန် အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လာလီဂါနဲ့ ဘုရင့် ဖလားတွေကို ရယူနိုင်ခဲ့သလို ဆက်ဇနီရဲ့ လက်စွမ်းပြသနိုင်မှုကြောင့် ဘာစီလိုနာအသင်းက စာချုပ်သစ် ချုပ်ဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဦးစားပေးဂိုးသမား တာစတီဂျန် ဒဏ်ရာကနေ ပြန်ကောင်း လာပြီဖြစ်သလို အက်စ်ပန်ညိုအသင်းဂိုးသမား ဂါစီယာကိုလည်း အခုနွေမှာ ခေါ်ယူထားတာကြောင့် ဆက်ဇနီရဲ့ ပွဲထွက်ခွင့်အတွက် ပိုခက်ခဲဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ အသင်းနဲ့ ဆွေးနွေးပြီးနောက်မှာ အခုလိုမျိုး စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာပါ။

၂၀၀၉ မှာ အာဆင်နယ်အသင်းကြီးနဲ့အတူ ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ဆက်ဇနီဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၈၁ ပွဲ ကစားပေးခဲ့သလို ရိုမား၊ ဂျူဗင်တပ်အသင်းတွေမှာလည်း ကစား သမားဘဝကို ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင်အသင်းအတွက် ၈၄ ပွဲ ကစားပေးထားတဲ့ ဆက်ဇနီ ဟာ ပိုလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ၄ ကြိမ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ် ကစားပေးထားတာ ဖြစ်ပါတယ်။




