ဂျပန်နဲ့ တောင်ကိုရီးယားတို့ကနေ တင်သွင်းလာတဲ့ သွင်းကုန်တွေအပေါ် ဩဂုတ်လ ၁ ရက်ကစပြီး အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်း အားလုံးကို အမေရိကန်က ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်တာဟာ S&P 500 အညွှန်းကိန်းတွေအပြင် Wall Street တွေကိုလည်း တုန်လှုပ်သွားစေပါတယ်။ဂျပန်၊ တောင်ကိုရီးယား၊ ဆားဘီးယား၊ ထိုင်းနဲ့ တူနီးရှားတို့ အပါအဝင် အခြားနိုင်ငံ ၁၄ နိုင်ငံကိုလည်း အခွန် ကောက်ခံမှုတွေ စတင်တော့မှာဖြစ်ပေမဲ့ အခွန်ကောက်ခံမှုအတွက် စေ့စပ်ညှိနှိုင်းတာတွေ ပြုလုပ်ဖို့ အခွင့်အလမ်း တွေကိုလည်း ထရမ့်က အရိပ်အမြွက် ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ မြင့်မားတဲ့ အခွန်စည်းကြပ်မှုက ဩဂုတ် ၁ ရက်မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး မော်တော် ကား၊ သံမဏိနဲ့ အလူမီနီယမ်တို့ကို ချမှတ်ထားတဲ့ အခွန်တွေကတော့ အကျုံးဝင်မှာ မဟုတ်သေးပါဘူး။တောင်ကိုရီးယားအတွက်အခွန် နှုန်းထားက ထရမ့်ရဲ့ ကနဦးကြေညာခဲ့တဲ့အတိုင်းဖြစ်ပြီး ဂျပန်အတွက်အခွန် နှုန်းထားကတော့ ဧပြီ ၂ ရက်က ကြေညာခဲ့တာထက် ပိုများနေတယ်လို့ လေ့လာသူတွေက ပြောကြားထား ပါတယ်။




