ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား မူစီယာလာဟာ ဘယ်ခြေထောက် ကျိုးသွားတဲ့အတွက် ကာလရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲမှာ မူစီယာလာဟာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာနဲ့ ထိခိုက်မိခဲ့ပြီးနောက် ကွင်းအတွင်း ဆေးကုသမှု ခံယူခဲ့ရသလို ဆေးရုံကို ချက်ခြင်းတင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။

မူစီယာလာဟာ ခြေကျင်းဝတ် အဆစ်လွဲသွားခဲ့သလို အရိုးလည်း ကျိုးသွားခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း ထုတ်ပြန်ချက်မှာ ရေးထားပါ တယ်။ ဒီလိုပြင်းထန်တဲ့ဒဏ်ရာရရှိမှုကြောင့် မူစီယာလာအနေနဲ့ ကာလရှည် အနားယူရဖို့ရှိနေပြီး ဒါက အသင်းနဲ့ ကစားသမားအတွက်တော့ စိတ်ပျက်စရာသတင်း ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဘိုင်ယန်ဂိုးသမား နူအာကတော့ မူစီယာလာ ဒဏ်ရာရမှုအတွက် ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို အပြစ်တင် ထားပါတယ်။

ဒွန်နာရမ်မာရဲ့ ဘောလုံးကာကွယ်ဖို့ ဝင်လာပုံက ပြိုင်ဘက်အတွက် အန္တရာယ်ရှိတဲ့ အနေအထား ဆိုတာကို ဒွန်နာရမ်မာ သိပုံရပါတယ်လို့ နူအာက ဝေဖန်သွားခဲ့တာပါ။ ကွင်းအတွင်းပုံရိပ်တွေအရ ဒွန်နာရမ်မာ ကိုယ်တိုင်လည်း တုန်လှုပ်သွားခဲ့တာကို မြင်ခဲ့ရသလို ပွဲအပြီးမှာလည်း မူစီယာလာ အမြန်ဆုံး ပြန်ကောင်းလာဖို့ ဆုတောင်းပါတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။




