အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ ၈၂ ယောက် အထိ ရှိလာတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။အဲဒီထဲမှာ ကလေးငယ် ၂၈ ယောက်ပါဝင်ပြီး ခရစ်ယာန် လူငယ်စခန်းက မိန်းကလေးငယ် ၁၀ ယောက်နဲ့ အကြံ ပေးတစ်ယောက်တို့လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ လူငယ်စခန်းက မိန်းကလေးငယ်တွေအပါအဝင် နောက်ထပ် လူ ၄၀ နီးပါး ပျောက်ဆုံးနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။တက္ကဆက်အလယ်ပိုင်း ကား(ယ်)ကောင်တီမှာ ပြီးခဲ့တဲ့ဇူလိုင် ၄ ရက်က ရုတ်တရက် မုန်တိုင်းတိုက်ခတ်ပြီး မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် အချိန် ၄၅ မိနစ်လောက်အတွင်းမှာ မြစ်ရေဟာ ၂၉ ပေလောက်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတွေကို ၃ ရက်မြောက်အဖြစ် လိုက်လံရှာဖွေနေပြီး အသက်ရှင်ကျန်သူ အကုန်လုံးကို ရှာမတွေ့သ၍ ဆက်ရှာဖွေသွားမယ်လို့ ကား(ယ်)ကောင်တီရဲ့ ရဲမှူးက ပြောပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရဟတ်ယာဉ်တွေပါ အသုံးပြုပြီးတော့ လိုက်ရှာဖွေနေကြပေမယ့် ရေကြီးမှုကြောင့် နေရာအနှံ့အပြားမှာ ရွှံ့နွံတွေ ပြည့်နှက်နေတဲ့အပြင် မြွေတွေလည်း ရှိတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကား(ယ်) ကောင်တီအတွက် ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြေညာချက်ကို မနေ့က ဇွန်လ ၆ ရက်မှာ လက်မှတ်ထိုးခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ သူ့အနေနဲ့ တက္ကဆက်ကို သွားရောက်ဖို့ ရှိနေပါတယ်။လက်ရှိမှာလည်း ဒေသတွင်းမှာ မိုးရွာသွန်းနေဆဲဖြစ်တာကြောင့် ရေကြီးမှုသတိပေးချက်တွေ ဆက်လက် ထုတ်ပြန်ထားပါတယ်။




