အင်္ဂလန်ကွင်းလယ်ကစားသမား စမစ်ရိုးအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်ကြတဲ့ ဖူလ်ဟမ်နဲ့ ပဲလေ့စ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို အာဆင်နယ်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် စမစ်ရိုးဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက လိဂ်ပွဲ ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အကယ်ဒမီထွက် ဖြစ်တဲ့ စမစ်ရိုးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ အသင်းကြီးနဲ့ပွဲထွက်ခွင့်ရခဲ့သလို အနာဂတ်မှာ တိုးတက်လာမယ့် ခြေစွမ်းတွေ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို အသင်းဘယ်တောင်ပံ မှာ မာတင်နယ်လီက ခြေစွမ်းပြနေတာကြောင့် စမစ်ရိုးအနေနဲ့ ပွဲထွက်ခွင့်ရဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ပဲလေ့စ်နဲ့ ဖူလ်ဟမ်အသင်းတွေက စမစ်ရိုးရဲ့ခြေစွမ်းကို သဘောကျပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က ပယ်ချခဲ့တာပါ။
အာဆင်နယ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ရှိတဲ့ စမစ်ရိုးကတော့ လာမယ့်ဘောလုံးရာသီမှာ ပွဲထွက်ခွင့် ပိုရဖို့ကို မျှော်လင့်နေပြီး အာဆင်နယ်အသင်း ဘက်ကလည်း စမစ်ရိုးအတွက် ပေါင် ၂၅ သန်းလောက်ရမယ်ဆိုရင် ရောင်းချဖွယ်ရှိနေပါတယ်။