အမေရိကန် ဘတ်စကက်ဘောကစားသမား ဂျာဘရီစမစ်ဟာ NBA ကလပ် ဟူစတန်ရော့ကက်အသင်းနဲ့ ၅ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်တန်ကြေးက ဒေါ်လာ ၁၂၂ သန်းရှိတယ်လို့ ဆိုပါတယ်။ စာချုပ်သစ်ကြောင့် စမစ်ဟာ ရော့ကက်အသင်းအတွက် ၂၀၃၀-၃၁ NBA ရာသီအထိ ကစားပေးရတော့မှာ ဖြစ်ပါတယ်။ စမစ်နဲ့ ရော့ကက်တို့ရဲ့ စာချုပ်က ၁ နှစ်သာ ကျန်ရှိတော့လို့ အခုလိုမျိုး စာချုပ်သစ် ချုပ်ဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် စမစ်ဟာ ၂၀၂၂ မှာ NBA ပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီရာသီအပြီးမှာပဲ အကောင်းဆုံး မျက်နှာသစ် ကစားသမားဆုကို ရရှိထားခဲ့တာပါ။ ပြီးခဲ့တဲ့ NBA ရာသီမှာ ရော့ကက်အသင်းက အနောက်ပိုင်းကွန်ဖရင့်စ်မှာ ဒုတိယနေရာရခဲ့ပြီး စမစ်ကလည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရပ် ၆ ပေ ၁၁ လက်မရှိတဲ့ စမစ်ဟာ ပြီးခဲ့တဲ့ ရာသီက ရော့ကက်အသင်းအတွက် ၅၇ ပွဲ ကစားပေးခဲ့ပြီး ပျမ်းမျှ တစ်ပွဲ ၁၃ မှတ်နီးပါး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စမစ်လို အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိ ပါတယ်လို့ ဟူစတန်ရော့ကက်အသင်းက ကြေညာချက်မှာ ရေးသားထားပါတယ်။




