မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်တွေကို ကောင်းမွန်းတဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရုရှားဘာသာစကား အခြေခံသင်တန်းတွေကို ဖွင့်လှစ်ပေးနေတယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ပြောပါတယ်။

ရုရှားဘာသာစကား အခြေခံသင်တန်းကို ဇွန်လ(၃၀)ရက်က နေပြည်တော်မှာ စတင်ဖွင့်လှစ် သင်ကြားပေးနေတာ ပါ။ သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက မြန်မာနိုင်ငံရဲ့ ခရီးသွားဈေးကွက်ဝင် နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက ရုရှားခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ရာမှာ ဘာသာစကားနဲ့ ဝန်ဆောင်မှု တွေ ပေးနိုင်ဖို့အတွက် ရုရှားဘာသာစကား ဒီပလိုမာ သင်တန်းတွေ၊ ရုရှားဘာသာစကား(အခြေခံ) သင်တန်းတွေ နဲ့ မွမ်းမံသင်တန်းတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ဖွင့်လှစ်ပေးနေတာလို့ ပြောပါတယ်။

ဒါ့အပြင် တက်ရောက်ကြတဲ့ သင်တန်းသား၊ သင်းတန်းသူတွေအနေနဲ့ စနစ်တကျ လေ့လာသင်ယူကြဖို့နဲ့ ဘာသာ စကားစွမ်းရည် မြှင့်တင်ကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာတွေကဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေက ဝန်ထမ်းတွေကို သင်ကြားပေးနေပြီး ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။




