ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက် အမေရိကန်ကို သွားရောက်မယ်လို့ ထိုင်းဘဏ္ဍာရေး ဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာ (Pichai Chunhavajira)က ပြောကြားတာကို Bankok Post သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန်က အခြား နိုင်ငံတွေအပေါ် သွင်းကုန်ခွန် ကောက်ခံတာတွေထက် ပိုပြီး ထိုင်းနိုင်ငံအပေါ် ကောက်ခံလိမ်မယ်မဟုတ်ဘူးလို့ မျှော်လင့်ရကြောင်းကိုလည်း ထိုင်းဘဏ္ဍာရေးဝန်ကြီးက ထိုင်းပြည်တွင်း သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါ တယ်။ အမေရိကန်က ထိုင်းသွင်းကုန်တွေအပေါ် အခွန်ကောက်ခံတာက ဘယ်လောက်ပဲများသည်ဖြစ်ပါစေ အခြားနိုင်ငံ တွေအပေါ်ကောက်ခံတာထက်တော့ ပိုမများနိုင်ဘူးလို့ သူက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်မှာ ကုန်ဆုံးမယ့် တရားဝင်ဆိုင်းငံ့ထားတဲ့ကာလ မကုန်ဆုံးခင် အခွန်နှုန်းထားလျှော့ချမှုအတွက် ဆွေးနွေးရာမှာ မအောင်မြင်ခဲ့ရင် ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ထိုင်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမှု ၃၆ ရာခိုင်နှူန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား သွင်းကုန်ခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ သတ်မှတ်ချက်တွေဆီကို ဉီးတည်နိုင်ပါ တယ်လို့လည်း အခုလ အစောပိုင်းက ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီချိုင်း နာရစ်သာဖန် (Pichai Naripthaphan) ပြောထားပါတယ်။ အမေရိကန်က တိုးမြှင့်မယ်လို့ ရည်မှန်းထားတာထက် ၁၀ ရာခိုင်နှုန်းလောက် လျော့ကျနိုင်လိမ့်မယ်လို့ ထိုင်းဘက်က မျှော်လင့်ထားပါတယ်။




