ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက မန္တလေးငလျင်ကြီးဒဏ်ကြောင့် ယာယီဓာတ်အား ပြတ်တောက်သွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဇွန် ၂၈ ရက်က ရာနှုန်းပြည့် ပြင်ဆင်ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကနေ သိရပါတယ်။

ငလျင်ကြီးဒဏ်ကြောင့် အင်းလေးဒေသတွင်းက ၁၁ ကေဗွီဓာတ် အားလိုင်းတွေ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းတွေ၊ ထရန်စဖော်မာတွေနဲ့ ဓာတ်အားလွှတ်ပစ္စည်းတွေ ယိုင်လဲချို့ယွင်း ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၃၂၁ ရွာမှာ ယာယီဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရတာပါ။ အဲဒီအတွက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်မှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ထရန်စဖော်မာတွေ၊ လျှပ်စစ်မီးကြိုးတွေနဲ့ ယိုင်လဲသွားတဲ့ ဓာတ်တိုင်တွေကို တည့်မတ်ပြုပြင်တာနဲ့ အသစ်စိုက်ထူတာ စတဲ့ လုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးဌာနက ကျွမ်းကျင်ဝန်ထမ်းတွေနဲ့လုပ်သားတွေက အမြန်ဆုံးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်အားလိုင်းတွေ ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးတာကြောင့် လက်ရှိမှာ ကျေးရွာပေါင်း ၃၁၆ ရွာကို လျှပ်စစ်ဓာတ် အား ပြန်လည်ပို့လွှတ်ဖြန့်ဖြူးထားပြီးဖြစ်ပါတယ်။ နေအိမ်အဆောက်အအုံတွေ ပြန်လည်တည့်မတ် ဆောက်လုပ် နေဆဲဖြစ်တဲ့ ကျေးရွာ ၅ ရွာကတော့ ဓာတ်အားလွှတ်ဖို့ ကျန်ရှိနေသေးပြီး အဲဒီ ကျေးရွာတွေကိုတော့ လျှပ်စစ် အန္တရာယ်ကင်းရှင်းမှုရှိတဲ့အချိန်မှသာ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးကနေ သိရပါတယ်။




