မန်ယူ အလယ်တန်းလူဟောင်း ပြင်သစ် ဘောလုံးသမား ပေါ့ဂ်ဘာ ဟာ ပြင်သစ် Ligue 1 ကလပ် မိုနာကို အသင်းနဲ့ စာချုပ်ခဲ့တယ်လို Sky Sports သတင်းမှာ ဖေါ်ပြထားပါတယ်။

တားမြစ်ဆေးကြောင့် ဘောလုံးကစားခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ပေါ့ဂ်ဘာဟာ ဘောလုံးလောကကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြစ်ဒဏ်ကို ၁၈ လအထိ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လျှော့ချ ပေးခဲ့တယ်လို သိရပါတယ်။ သူဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ပိတ်ပင်မှုကို စတင်ခံယူခဲ့ရတာလို ဆိုပါတယ်။ အသက် ၃၂ နှစ် အရွယ် ပေါ့ဂ်ဘာ ဟာ မိုနာကို ကလပ်နဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တယ်လို သိရပါတယ်။ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ချန်ပီယံဘွဲ ရယူခဲ့သူဖြစ်ပြီး မနှစ်က နိုဝင်ဘာလမှာ ဂျူဗင်တပ်စ် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးတဲ့နောက်မှာ အသင်းလက်မဲ့ ဘောလုံးသမား ဖြစ်နေသူ ဖြစ်ပါတယ်။

ပေါလ် ပေါ့ဂ်ဘာ ရောက်ရှိလာတဲ့ အတွက် ကျေနပ်မိကြောင်း မိုနာကို အသင်းက သူတိုရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ပေါ့ဂ်ဘာဟာ တားမြစ်ဆေးပြဿနာကြောင့် ပွဲအဆင့် ဘောလုံးကစားခြင်းနဲ့ ဝေးကွာနေသူဖြစ်ပြီး သူနောက်ဆုံး ကစားခဲ့တဲ့ ပွဲဟာ ဂျူဗင်တပ်စ်က အမ်ပိုလီ ကို အနိုင်ယူခဲ့တဲ့ပွဲဖြစ်ပြီး လူစားဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူ အသင်းကနေ ၂၀၂၂ ခုနှစ်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ဂျူဗင်တပ်စ် အသင်းကို ရောက်ရှိသွားခဲ့သူဖြစ်ပါတယ်။




