အခုနှစ် ဇန်နဝါရီလကနေ ဇွန်လမကုန်ခင်အထိ (၅)လကျော်ကာလအတွင်း မူးယစ်ဆေးစွဲသူ ၁၃၀ ကျော် ပြန်လည်ကောင်းမွန်လာတယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်က ပြောပါတယ်၊၊ ဇွန်လ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ မေတ္တာစံအိမ်ခန်းမမှာကျင်းပ တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်၊၊

ဇန်နဝါရီလကနေ ဇွန်လမကုန်ခင်အထိ မူးယစ်ဆေးစွဲသူ ၁၃၃ ယောက် ပြန်လည်ကောင်းမွန်လာပြီး မိဘ၊ လူနာနဲ့ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အခုလို ပြန်လည်ကောင်းမွန်လာတာဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးစံရှိန်က ပြောပါတယ်။ မူးယစ်ဆေးဖြတ်ရာမှာ အရင်ဆုံး ဆေးရုံတက်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာတွေကို ကုသမှုခံယူခဲ့ရသလို သင်တန်း ကျောင်းက သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာလည်း ဆေးဖြတ်နိုင်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ မူးယစ်ဆေးဖြတ်သူတစ်ယောက်ဖြစ်တဲ့ ကိုသက်နိုင်ထွန်းက ပြောပါတယ်၊၊ မူးယစ်ဆေးစွဲတဲ့သူတွေကို ဆေးဖြတ်ဖို့ အရင်ဆုံးဆေးရုံကို ပို့ဆောင်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ ဆောင်ရွက်တာ၊ ကုထုံးတွေနဲ့ကုသတာတွေ စတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊



