အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မနေ့က ဇွန်လ ၁၉ ရက် တစ်ရက်အတွင်း အစ္စရေးမှာ လူပေါင်း ၂၇၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘီယာရှီဘာမြို့က ဆိုရိုကာဆေးရုံကို ထိမှန်ခဲ့ပြီး ဒီဆေးရုံတစ်ခုတည်း မှာတင် ဆေးရုံဝန်ထမ်းတွေနဲ့ လူနာ ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို အစ္စရေးနိုင်ငံတစ်ဝန်းက တခြားဒေသ တွေမှာလည်း နောက်ထပ် လူ ၂၀၀ ဝန်းကျင် ထိခိုက်ခဲ့တာပါ။ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အများအပြားက အခုလို ကျန်းမာရေး ပစ်မှတ်တွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီရန်ဘက်ကတော့ မိမိတို့အနေနဲ့ ဆေးရုံအနီးမှာရှိတဲ့ စစ်ရေးအခြေစိုက်နေရာတစ်ခုကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးဘက်ကလည်း ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ အာရက်အကြီးစား ရေဓာတ်ပေါင်းဖိုနဲ့ နတန့်နျူကလီးယား အခြေစိုက်နေရာတွေကို မနေ့က တိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ အစ္စရေး-အီရန် ပဋိပက္ခအတွင်း အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး ၂၄ ယောက် သေဆုံးပြီး ၅၉၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အီရန်ဘက်မှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၆၄၀ ဝန်းကျင် သေဆုံးပြီး ၁၃၀၀ ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။




