အစ္စရေးနဲ့အီရန်တို့ တိုက်ခိုက်မှု အရှိန်မြင့်တက်လာပြီး ဒုတိယပတ်ထဲကို ဝင်လာချိန်မှာ နှစ်နိုင်ငံထဲက နိုင်ငံခြား သားတွေဟာ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ကြိုးပမ်းနေပြီဖြစ်တယ်လို့ The Straits Times သတင်းမှာ ရေးသား ဖော်ပြလာပါတယ်။

ဘေးလွတ်ရာ ရွှေ့ပြောင်းကြတဲ့အထဲမှာ အိန္ဒိယနဲ့တရုတ်နိုင်ငံသားတွေအပါအဝင် ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့် ခရီး သွားတွေ၊ ဘုရားဖူးတွေ၊ ကျောင်းသားတွေနဲ့ စီးပွားရေးသမားတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အီရန်လေပိုင်နက် ကို ပိတ်ထားလို့ အများစုက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ တာ့ခ်မင်နစ္စတန်တို့ကို ကုန်းကြောင်းခရီးနဲ့ ပြေးဝင်ခိုလှုံနေကြရပါတယ်။ တရုတ်က သူ့နိုင်ငံသား ၇၉၁ ယောက်ကို အီရန်ကနေ ကယ် ထုတ်ပေးခဲ့ပြီး နောက်ထပ် ၁၀၀၀ ကျော်လည်း ထွက်ခွာနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အိန္ဒိယကျောင်းသား၂၅၀ ကတော့ မြို့တော် တီဟီရန်ကနေ ပိုမိုလုံခြုံရာ နေရာတွေကို ပြောင်းရွှေ့နေကြပြီး နောက်ပိုင်းမှာ အိန္ဒိယအစိုးရက လူတချို့ကို ဘတ်စကားတွေနဲ့ အာမေးနီး ယားနိုင်ငံအထိ ပို့ဆောင်ပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ တခြားနိုင်ငံခြားသားတွေကတော့ ကယ်ထုတ်ပေးလာမှာကို စောင့်ဆိုင်းနေကြရဆဲ ဖြစ်ပါတယ်။

အစ္စရေးဟာ ဇွန်လ ၁၃ ရက် မနက်ပိုင်းက အီရန်နိုင်ငံမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေနဲ့ နျူကလီးယားအဆောက်အဦ တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ နှစ်နိုင်ငံပဋိပက္ခအရှိန် မြင့်တက်လာခဲ့ တာဖြစ်ပါတယ်။ စစ်ပွဲမှာ အမေရိကန် ပါဝင်လာနိုင်ခြေရှိနေတာကြောင့် ပိုမိုဆိုးရွားလာဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။




