ရုရှားက နေတိုးကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိပေမယ့် နေတိုးအုပ်စုဟာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေတဲ့ မဟာမိတ်အဖွဲ့ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားဟာ မဟာမိတ်တွေရဲ့ လုံခြုံရေး အတွက် အထူးခြားဆုံးနဲ့ တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်နေသေးတယ်လို့ နေတိုး အဖွဲ့ထိပ်သီး ကြေညာချက်ကို ရည်ညွန်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇက်ဟာရိုဗာက ဝေဖန်ပြောဆိုခဲ့တာပါ။
မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့အနေနဲ့ သူရဲ့ တည်ရှိမှု မှန်ကန်မျှတကြောင်း ပြသဖို့နဲ့ သြဇာခံ ဥရောပနိုင်ငံ တွေအပေါ် ဝါရှင်တန်ရဲ့ ထိန်းချုပ်မှုကို အားကောင်းစေဖို့ ကြိုးပမ်းနေတာလို့လည်း ဇက်ဟာရိုဗာက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းမှာ မရပ်တန့်ဘူးဆိုရင် ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက နေတိုးနိုင်ငံတွေကို တိုက်ခိုက်ဖို့ သမ္မတပူတင်က သူ့ရဲ့စစ်တပ်ကို ထပ်ပြီး အမိန့်ပေးမယ်လို့ အနောက်နိုင်ငံခေါင်းဆောင်တွေက ထပ်ခါတလဲလဲ စွပ်စွဲပြောဆိုထားပါတယ်။