အန်ဟွေး၊ ဟူဘေး၊ ဟူနန်၊ချုံကင်းနဲ့ ကွေ့ကျို့ဒေသတွေမှာ မိုးများစွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ် လာတာကြောင့် တရုတ်နိုင်ငံ ရေကြီးရေလျှံမှုထိန်းချုပ်ရေးဌာနချုပ်က ဇွန်လ ၁၈ ရက်မှာ အဆင့်-၄ အရေးပေါ်တုံ့ပြန်မှု စတင်လိုက်တယ်လို့ China Daily သတင်းမှာ ဖော်ပြထားပါတယ်။

ရေကြီးရေလျှံမှု ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဓိကဖြစ်ပွားရာ နေရာတွေ ကို အဖွဲ့သုံးဖွဲ့ စေလွှတ်ထားတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ဒေသတချို့မှာ မိုးများစွာ ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရတာကြောင့် တရုတ်အမျိုးသားမိုးလေဝသဌာနက ဇွန်လ ၁၈ ရက်မှာ မိုးသက်မုန်တိုင်း အတွက် အဝါရောင်အဆင့် သတိပေးချက်တွေ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

ဒေသအာဏာပိုင်တွေကတော့ တောင်ကျရေလျှံနိုင်တဲ့နေရာတွေ၊ မြေပြိုနိုင်တဲ့နေရာတွေ၊ အနိမ့်ပိုင်း ဒေသတွေနဲ့ ရေဝင်နိုင်တဲ့ ကျေးလက်ဒေသတွေအပါအဝင် အဓိကကျတဲ့ ဒေသတွေမှာ စုံစမ်းစစ်ဆေး တာတွေ လုပ်ဆောင်ဖို့နဲ့ အန္တရာယ်လျော့ပါးသက်သာအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သတိပေးချက်တွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပြီး လိုအပ်လာရင် ဘေးကင်းရာ ရွှေ့ပြောင်း မှုတွေ ဆောင်ရွက်ဖို့လည်း ပြောကြားထားပါတယ်။




