မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဇွန်လ ၁၇ ရက်က ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာ(၁)ယောက် သေဆုံးခဲ့တာဟာ ရောဂါအခံကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ကနေ သိရပါတယ်။မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးက ကိုဗစ်အတည်ပြုလူနာတစ်ယောက် သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက အခုလို ပြန်လည်ရှင်းလင်း ပြောကြားတာဖြစ်ပါတယ်။

သေဆုံးသူလူနာဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး မင်းလှမြို့နယ်ရဲစခန်းမှာ ဇွန်လ ၃ ရက်ကနေ ဇွန်လ ၁၂ ရက်နေ့အထိ အချုပ်ကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။အချုပ်ကျနေစဉ် သွေးတိုးရောဂါနဲ့ နေမကောင်းတဲ့အတွက် မင်းလှမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဇွန်လ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ဆေးကုသမှုခံယူခဲ့ရပြီး မသက်သာတဲ့အတွက် ဇွန်လ ၁၆ ရက်မှာ မကွေးမြို့ပြည်သူ့ဆေးရုံကြီး ကို ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရတာပါ။

အဲဒီနောက် အရေးပေါ်ကုသခန်း ICU ကို ဇွန်လ ၁၇ ရက်မှာ လွှဲပြောင်းပေးပို့ခဲ့ပြီး စစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရတာဖြစ်ပြီး လူနာကလည်း အဲဒီနေ့မှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။သေဆုံးသူရဲ့ ရောဂါအချက်အလက်တွေကို လေ့လာချက်အရ မူလရောဂါအခံကြောင့်သာ သေဆုံးခဲ့တာဖြစ်တယ် လို့ ဒေါက်တာအောင်မြင့်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ ကိုဗစ်အတည်ပြုလူနာသစ်တွေ ပြန်လည်တွေ့ရှိလာရပြီး တွေ့ရှိမှု အရေအတွက်ကလည်း အပတ်စဉ် တိုးမြင့်လာတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက် တွေအရ သိရပါတယ်။




