အင်ဒိုနီးရှားနိုင်ငံက လီဝိုတိုဘီ လာကီ လာကီလို့ ခေါ်တဲ့ မီးတောင်ဟာ မနေ့က ဇွန်လ ၁၇ ရက်မှာ ပေါက်ကွဲခဲ့ပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြ ပါတယ်။

လာကီ လာကီ မီးတောင်ဟာ မနေ့က ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးတောင်ပြာတွေနဲ့ မီးခိုးတွေ အများအပြားကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ခရီးသွားဧည့်သည် တွေ အများဆုံးလာရောက်တဲ့ ဖလိုးရက်စ်ကျွန်းဟာ ဒီမီးတောင်အနားမှာ ရှိတာဖြစ်ပြီး ခရီးသွားတွေအတွက်လည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။အင်ဒိုနီးရှား အာဏာပိုင်တွေက မီးတောင်အနီးမှာရှိတဲ့ ရွာတစ်ရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အခြား အနီးဝန်းကျင်က ဒေသခံတွေကိုလည်း မီးတောင်ပြာတွေကနေ ကာကွယ်ဖို့အတွက် မျက်နှာဖုံးတွေ တပ်ဆင်ဖို့ သတိပေးထားပါတယ်။

လက်ရှိမှာတော့ မီးတောင်ပေါက်ကွဲမှုကြောင့် အပျက်အစီးနဲ့ အသေအပျောက် ရှိ၊ မရှိ မသိရသေးဘူးလို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း လာကီ လာကီမီးတောင်ဟာ အကြိမ်ပေါင်းများစွာ ပေါက်ကွဲပြီး လူ ၉ ယောက် သေဆုံးခဲ့သလို ဒေသခံ ထောင်နဲ့ချီကို နေရာရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ အဲဒီမီးတောင် ပေါက်ကွဲတုန်းက မီးတောင်ပြာတွေ ဖုံးလွှမ်းနေလို့ လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။




