Facebook ရဲ့မိခင်ကုမ္ပဏီ Meta ဟာ AI နည်းပညာကုမ္ပဏီဖြစ်တဲ့ Scale မှာ ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံလိုက်ပြီး စီအီးအို အလက်ဇန္ဒားဝမ်ကို သူ့ရဲ့ စူပါဉာဏ်ရည်ဖန်တီးမှုအဖွဲ့ ဝင်ဖို့ခေါ်ယူလိုက်တာကို AP သတင်းမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၂ ရက်က ကြေညာလိုက်တဲ့ ဒီသဘောတူညီချက်ဟာ Google and OpenAI တို့လို နည်းပညာပြိုင်ဘက် တွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်လာရချိန်မှာ Meta စီအီးအို မာ့ခ်ဇူကာဘာ့ဂ်ရဲ့ AI ကို ပြန်အသက်သွင်းဖို့ အားထုတ်ကြိုးပမ်းမှုတွေကို ထင်ဟပ်ပြသနေတယ်လို့ ဆိုပါတယ်။ Scale နဲ့ရရှိလာတဲ့ ဒီသဘောတူညီချက်ကို မဟာဗျူဟာမြောက်မိတ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုလို့ Meta က အမွှန်းတင် ခေါ်ဆိုလိုက်ပြီး Scale ကုမ္ပဏီဘက်ကတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၄ ဘီလီယံကျော်ကြောင့် ကုမ္ပဏီ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ကျော်သွားမယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်က Scale နဲ့ Meta ရဲ့ စီးပွားရေးမိတ်ဖက်ဆက်ဆံမှုကို အကြီးအကျယ် တိုးပွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Meta က ကနဦးအနေနဲ့ Scale ရဲ့ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရယူထားမှာ ဖြစ်ပါတယ်။ ဇူကာဘာ့ဂ်ဟာ ပြိုင်ဘက်တွေက AGI ဒါမှမဟုတ် Superintelligence လို့ခေါ်တဲ့ အဆင့်မြင်ဉာဏ်ရည်တု နည်း ပညာဘက်ကို ပိုမိုအာရုံစိုက်မှု တိုးလာပြီး နည်းပညာနယ်ပယ်မှာ ထိပ်တန်းကနေ ဦးဆောင်နိုင်ဖို့ ပိုမိုအားထုတ် လာတာကို တွေ့ရပါတယ်။ Superintelligence ဆိုတာ လူသားတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အချိန်ခဏလေးအတွင်းမှာ ဖြေရှင်းပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတစ်ခု ဖြစ်ပါတယ်။




