လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုကနေ ဇူလိုင် ၁၃ ရက်မနက်ပိုင်းအထိ ရုပ်အလောင်း ၈ လောင်း ရှာဖွေ တွေ့ရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
သမ္ဗန်တိမ်း မှောက်မှုမှာ ပျောက်ဆုံးနေတဲ့ လူတွေကို ဆက်လက်ရှာဖွေခဲ့ရာမှာ ဇူလိုင် ၁၂ ရက်က ၁၂ နှစ်အရွယ် အမျိုးသမီး ငယ်ရုပ်အလောင်းကို သန်လျင်ရေနံချက်စက်ရုံ ဘောတံတားအနီး၊ အသက် ၂၀ အရွယ် အမျိုးသားရုပ်အလောင်းနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားရုပ်အလောင်းကို ပုဇွန်တောင်ချောင်းဝအနီး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသား ရုပ်အလောင်းကို ဆိပ်ကြီးဆိပ်အနီး ၊ အသက် ၁၆ နှစ်အရွယ် အမျိုးသား ရုပ်အလောင်းကို သာကေတ PT Power ဆိပ်ကမ်းအနီးနဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားရုပ်အလောင်းကို သီလဝါဆိပ်ကမ်းအနီး သောင်ပြင်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။
ဇူလိုင် ၁၃ ရက်မှာတော့ အသက် ၂၀ အရွယ် အမျိုးသမီးရုပ်အလောင်းကို ပန်းဆိုးတန်း တံတား အနီး၊ အမည်မသိ ရုပ်အလောင်း တစ်လောင်းကိုတော့ ငါးစင်သမ္ဗန်ဆိပ်ကမ်းအနီးမှာ ထပ်မံရှာဖွေ တွေ့ရှိခဲ့တယ် လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေကိုတော့ ပရဟိတအသင်းတွေက လူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကို ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းက သမ္ဗန်မောင်းသူနဲ့ ခရီးသည် ၁၆ ယောက် လိုက်ပါလာတဲ့ သမ္ဗန်တစ်စင်းဟာ ကြည့် မြင်တိုင်ဗားကရာဘက်ကို ကူးလာစဉ် ဗားကရာဆိပ်ကမ်းကနေ ရေမိုင် ၅ ဖာလုံခန့်အကွာမှာ လှိုင်မြစ်အတွင်း တွဲ သင်္ဘောတစ်စင်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ အခင်းဖြစ် နေ့က သမ္ဗန်ပေါ်မှာပါတဲ့လူ ၁၇ ယောက်ထဲက ၉ ယောက်ကို ကယ် ဆယ် ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။