အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဟာ့ဂျ် ဘုရားဖူးခရီးစဉ် စတင်ချိန်မှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေ မဖြစ်စေဖို့အတွက် ဆော်ဒီအာရေးဗီးယား အာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ပြီးခဲ့တဲ့နှစ်က အပူလွန်ကဲမှုနဲ့ ဆက်စပ်တဲ့ ဖျားနာမှုတွေကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးပြီးနောက် အခုနှစ်မှာတော့ အဲဒီလိုသေဆုံးမှုတွေ မဖြစ်စေဖို့ ဆော်ဒီအာဏာပိုင်တွေက ဆောင်ရွက်နေတာပါ။

အခုနှစ်အတွက် ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ကို စတင်နေပြီဖြစ်ပြီး မက္ကာမြို့ကို မွတ်ဆလင် ၁ ဒသမ ၄ သန်းကျော် ရောက်ရှိနေပြီလို့ နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။လာမယ့် ဇွန်လ ၁၁ ရက်မှာ အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ် ရောက်ရှိနိုင်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်း ထားပြီး အပူဒဏ်ကို ကာကွယ်ဖို့ အစီအမံတွေ အများအပြား ဆောင်ရွက်နေတာပါ။ ဆော်ဒီ ကျန်းမာရေးဝန်ကြီး ဌာနက အခုနှစ်မှာ အပူဒဏ်ကာကွယ်ရေးနဲ့ လုံခြုံရေးသတိပေးချက်တွေ တိုးမြှင့်ထားပြီး အပူဒဏ်ကို သက်သာ စေဖို့အတွက် ဘုရားဖူးတွေ အဓိကလာရောက်တဲ့ အထွတ်အမြတ်ထားရာ နေရာတွေမှာ စွမ်းရည်မြင့် လေအေးပေး စက် ၄၀၀ လောက် တပ်ဆင်ထားပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးဆုံး အအေးပေးစနစ်ဖြစ်ပြီး သဘာဝအရိပ် ရရှိဖို့ အတွက်လည်း သစ်ပင် ၁ သောင်းခန့် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ဒါ့အပြင် အသက် ၁၂ နှစ်အောက် ကလေးတွေကို တားမြစ်တာ၊ တရားဝင် ဟာ့ဂျ်ပါမစ်မရှိသူတွေကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိရိုက်တာ၊ ပြည်ဝင်ခွင့်ပိတ်တာတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် တရားဝင်ပက်ကေ့ချ်က ဒေါ်လာ ၄၀၀၀ ကနေ ဒေါ်လာ ၂၀၀၀၀ လောက်အထိ ကုန်ကျ နိုင်တဲ့အတွက် ဒီပမာဏကို မတတ်နိုင်တဲ့ ဘုရားဖူးလိုသူ အများအပြားဟာ ရိုးရိုး ခရီးသွားဗီဇာတွေနဲ့ ဆော်ဒီကို လာရောက်နေတာ ဖြစ်ပါတယ်။



