မကွေးမြို့နယ်အတွင်းက မြေပဲ၊နှမ်းစိုက်ခင်းတွေ သီးပွင့်ချိန်မှာ မိုးခေါင်မှုနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
လက်ရှိအချိန်ဟာ စိုက်ခင်းတွေ သီးပွင့်ချိန်ဖြစ်ပေမယ့် မိုးမရွာတာ တစ်လနီးပါးရှိနေပြီဖြစ်တာကြောင့် အရင်နှစ်ရဲ့ ထွက်နှုန်းတစ်ဝက်ကိုတောင် ရဖို့မလွယ်တော့ဘူးလို့ မကွေးမြို့နယ် မကြီးကန်ရွာက တောင်သူ ဦးညွန့်ဦးက ပြောပါတယ်။
မကွေးမြိုနယ်အတွင်းက တောင်သူတွေအနေနဲ့ မိုးဦးရာသီမှာ မြေပဲ၊ နှမ်း နှစ်မျိုးလုံးစိုက်ပျိုးကြပြီး နှမ်းကိုအများဆုံး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
အခုနှစ်မှာ မိုးမရွာလို့ အထွက်နှုန်းလျော့နိုင်သလို ကုန်ကျစရိတ်ကလည်း အရင်နှစ်ကထက် တစ်ဧကကို (၄)သိန်း လောက် ပိုပြီးကုန်ကျထားတယ်လို့ မကြီးကန်ကျေးရွာက မြေပဲစိုက်တောင်သူ ဦးမျိုးဌေးက ပြောပါတယ်။
မကွေးမြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ မြေပဲ၊ နှမ်းစိုက်ခင်းတွေကိုသာ သဘာဝမိုးရေမှီခိုပြီး စိုက်ပျိုးကြ ရတာ ဖြစ်ပါတယ်။