စနေနေ့ က ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် Champions League ဗိုလ်လုပွဲမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းက အီတလီကလပ် အင်တာမီလန် အသင်းကို ၅-၀ နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးသွားခဲ့တယ်လို CNN သတင်းမှာ ဖေါ်ပြပါတယ်။

ဆွတ်ခူးနိုင်ခဲ့တဲ့ Champions League ဖလားဟာ ပီအက်စ်ဂျီ အသင်းအတွက် ပထမဆုံး သမိုင်းဝင် ဉရောပ ဖလား တစ်ခုဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြိုမှာ မြိုသူ မြိုသားတွေနဲ့ ပီအက်စ်ဂျီ ပရိသတ်တွေ အောင်ပွဲခံခဲ့ကြတယ်လို သိရပါတယ်။ အသက် ၅၅ နှစ်အရွယ် ပီအက်စ်ဂျီ နည်းပြ လူးဝစ်အန်းနရစ် အတွက်ကတော့ အခုရခဲ့တဲ့ အောင်ပွဲဟာ ဘောလုံး လောကမှာ သူရခဲ့တဲ့ အခြားအောင်မြင်မှုတွေ အားလုံးထက် ပိုတဲ့ အောင်မြင်မှုတစ်ခုလို ဆိုပါတယ်။
၂၀၁၉ ခုနှစ် က သူ့ရဲ့ ၉ နှစ်အရွယ် သမီးလေး ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပြီးတဲ့နောက် ဝမ်းနည်းကြေကွဲခဲ့ရတဲ့ သူ့ရဲ့ မိသားစုအတွက် ပီအက်စ်ဂျီ ပရိသတ်တွေက သူနဲ့ သူရဲ့ သမီးလေးပုံကို တွဲပြီးဖေါ်ပြထားတဲ့ ရုပ်ပုံကို ပွဲအပြီးမှာ ပြသပြီး အားပေးခဲ့ကြတယ်လို ဆိုပါတယ်။

ရှုံးနိမ့်ခဲ့ရတဲ့ အင်တာမီလန်အသင်းရဲ့ ပရိသတ်တွေအတွက်ကတော့ ဝမ်းနည်းခဲ့ရတဲ့ ညတစ်ည ဖြစ်ခဲ့ပြီး နောက်ဆုံးပွဲသိမ်းခရာသံ မတိုင်မီကတည်းက ကွင်းအတွင်းကနေ ထွက်ခွာနေတာ တွေ့ခဲ့ရတယ်လို ဆိုပါတယ်။ ပီအက်စ်ဂျီ အသင်းသားဟောင်း ပြင်သစ်လက်ရွေးစင် ဘာပေ က ပီအက်စ်ဂျီအသင်းရဲ့ အောင်မြင်မှုကို Instagram ဆိုရှယ်မီဒီယာကနေတဆင့် ချီးကျူး စကားပြောခဲ့တယ်လို သိရပါတယ်။




