ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မော်စကိုမြို့အနီးက နိုဗို-အိုဂါရိုဗိုက သူ့ရဲ့နေအိမ်မှာ အလွတ်သဘော ဆွေးနွေး ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီကို ဇူလိုင် ၈ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။

တရားဝင် ဆွေးနွေးပွဲကို နောက်တစ်နေ့မှာ စတင်မှာဖြစ်ပြီး ဒီနေ့မှာတော့ ကိုယ့်အိမ်ကိုယ်ရာလို ပတ်ဝန်းကျင်မှာ သက်တောင့်သက်သာ ဆွေးနွေးနိုင်တယ်လို့ ပူတင်က မိုဒီကို ပြောဆိုခဲ့ပါတယ်။ မကြာသေးခင်က အိန္ဒိယဝန်ကြီးချုပ်အဖြစ် ပြန်အရွေး ခံရပြီး အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယပြည်သူတွေရဲ့ အကျိုးစီးပွားတွေနဲ့ ရလဒ်တွေအတွက် မိုဒီကို ပူတင်က ချီးကျူးခဲ့ ပါတယ်။

ရုရှားနဲ့အိန္ဒိယ ကုန်သွယ်မှု မညီမျှမှုကို ပြုပြင်ဖို့နဲ့ ယူကရိန်းပဋိပက္ခမှာ လှည့်စားခံခဲ့ရတဲ့ အိန္ဒိယ နိုင်ငံသားတွေ လွတ်မြောက်ရေး အာမခံချက် ရရှိဖို့ဟာ မိုဒီရဲ့ မော်စကိုခရီးအတွင်း ထိပ်တန်းဦးစားပေးတွေထဲ ပါဝင်ကြောင်း အိန္ဒိယ ထိပ်တန်းအရာရှိတစ်ယောက်က ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုထားပါတယ်။
ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေချိန်မှာ အိန္ဒိယနဲ့ ရုရှား ဆက်ဆံရေးအတွက် အမေရိကန်က စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၈ ရက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။