ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဇူလိုင် ၄ ရက်ကနေ ဇူလိုင် ၈ ရက်အတွင်း မြစ်ကမ်းနံဘေးက အိမ်ခြေ(၈)လုံး ရေစီးနဲ့ မျောပါပျက်စီးခဲ့တယ်လို့ သုမေဓာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုလို နေအိမ်တွေ ရေစီးနဲ့မျောပါပေမယ့် လူတွေသေဆုံးထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ရွှေကူမြို့နယ်အတွင်းမှာ အခုရက်ပိုင်း ရေကြီးမြင့်တက်မှုကြောင့် မြစ်ကမ်းအနီးက နေအိမ်တွေကို ကူညီရွှေ့ပြောင်း ပေးနေရတယ်လို့ ဦးအုန်းမြင့်က ပြောပါတယ်။

ရွှေကူမြို့က သုမေဓာ ပရဟိတအဖွဲ့ဟာ မြို့ခံပြည်သူတွေလှူဒါန်းတဲ့ အလှူငွေနဲ့ ရေဘေးသင့်ပြည်သူတွေကို အခြေခံစားကုန်တွေ လှူဒါန်းနေတယ်လို့ သိရပါတယ်။
ဇူလိုင် ၉ ရက်၊ မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့မှာ အဲဒီ မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်ကျဆင်းလာနိုင် ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။