အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဖမ်းဆီးခံ အမေရိကန် ဓားစာခံ တစ်ယောက်ဖြစ်တဲ့ Edan Alexander ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောကြားလာတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။ ဒီအဆိုပြုချက်ဟာ သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး သဘောတူညီချက်ကို လွယ်ကူချောမွေ့စေဖို့အတွက်လည်း ရည်ရွယ်ထားတယ်လို့ ဟားမတ်စ်က ပြောကြားခဲ့ ပါတယ်။အစောပိုင်းကာလအတွင်းကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ကာတာရှိ အမေရိကန်အစိုးရအရာရှိတစ်ယောက်နဲ့ တိုက်ရိုက်ညှိနှိုင်းတာတွေ ပြုလုပ် နေတယ်လို့ ဟားမတ်စ်အကြီးတန်းအရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။အမေရိကန် ဓားစာခံ Edan Alexander ကို လွှတ်ပေးမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ သမ္မတထရမ့်က Truth Social မှာ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့သတင်းကောင်းတစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။



