ထိုင်းဒူးရင်းသီး အထွက်များချိန်မှာ တရုတ်နိုင်ငံကို တင်သွင်းမှု လွယ်ကူချောမွေ့စေဖို့အတွက် တရုတ်နိုင်ငံ အကောက်ခွန်ဌာနက အချိန်ပြည့် ဆောင်ရွက်ပေးမယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။အရင်က ဓာတုဆိုးဆေးတွေ ပါဝင်နေတဲ့ ဒူးရင်းတွေကို တရုတ်က ငြင်းပယ်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက Basic Yellow 2 ဆိုးဆေးပါမပါ စစ်ဆေးဖို့ နယ်စပ်မှာ ဓာတ်ခွဲခန်းတွေ တိုးမြှင့်ထားရှိကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Auramine O လို့သိကြတဲ့ အဲဒီဆိုးဆေးဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစားအစာ တွေမှာ မသုံးဖို့ တားမြစ်ထားတာပါ။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး သီနှံဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို ဒူးရင်း အဓိက တင်ပို့နေတဲ့နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးဆွတ်ခူးချိန်ဟာ မေလကနေ သြဂုတ်လအထိ ကြာမြင့် မယ်လို့ ခန့်မှန်းထားပါတယ်။

ဒူးရင်းသီးတွေကို စားသုံးဖို့အတွက် ဘေးကင်းပြီး အရည်အသွေးကောင်းမွန်ကြောင်း စစ်ဆေးနိုင်ဖို့ ဓာတ်ခွဲခန်း ၉ ခု ရှိပြီး ၁၀ ခုမြောက်ထားရှိနိုင်ဖို့ တရုတ်နိုင်ငံရဲ့ခွင့်ပြုချက်ကို စောင့်နေတယ်လို့ ထိုင်းစိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ တရားဝင်ဒေတာ အချက်အလက်တွေအရ မနှစ်က တရုတ်နိုင်ငံကို ထိုင်းဒူးရင်းသီး ၉၈ ရာခိုင်နှုန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဘီလီယံနီးပါး ရှိတယ်လို့ သိရပါတယ်။



