ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တွေမှာ အဲဒီမြို့တွေရဲ့ စိုးရိမ် ရေမှတ်အထက်မှာ ဆက်ရှိနေပြီး နောက် ၁ ရက်အတွင်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့မှာ ဇူလိုင် ၅ ရက် ၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၇ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဟုမ္မလင်းမြို့မှာ ဇူလိုင် ၅ ရက်၊ မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဖောင်းပြင်မြို့မှာတော့ ဇူလိုင် ၅ ရက်၊ မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီဒေသတွေက ရေဘေးသင့်ပြည်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက ရေလွတ်ရာရွှေ့ပြောင်းပေးထားပြီး သောက်ရေနဲ့ စားသောက်ဖွယ်ရာတွေ ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။