ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ မဲရလဒ် အကြိုစစ်တမ်းက အတိုက်အခံလေဘာပါတီအနေနဲ့ မဲပြတ်ပြတ်သားသား အနိုင်ရရှိပြီး ကီးရ် စတာမာ ဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြလိုက်တဲ့နောက် ကွန်ဆာဗေးတစ်ပါတီ ကို ဆန့်ကျင်သူတွေ အောင်ပွဲခံခဲ့ကြပါတယ်။

ကြာသပတေးနေ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်နဲ့ သူရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ သမိုင်းဝင် မဲရှုံးမှုကြီးနဲ့ ရင်ဆိုင်ရဖို့လည်း သေချာသလောက် ရှိနေ တယ်လို့ ခန့်မှန်းရပါတယ်။

ရွေးကောက်ပွဲ မဲရလဒ်သတင်းတွေကို စောင့်ကြည့်တဲ့ ပါတီပွဲတစ်ခုကိုလည်း လန်ဒန် မြို့လယ်ကောင်က ဖိုင်းယား နိုက်ကလပ်မှာ ကွန်ဆာဗေးတစ် ဆန့်ကျင်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Stop the tories” က ဧည့်ခံကျင်းပခဲ့ပါတယ်။

ဗဟိုလက်ဝဲယိမ်းဝါဒီဖြစ်တဲ့ လေဘာပါတီဟာ ပါလီမန်မဲဆန္ဒနယ်ပေါင်း ၆၅၀ ရှိတဲ့ အထဲက နေရာ(၄၁၀)အထိ အနိုင်ရဖွယ်ရှိနေတာပါ။ ဒီအတွက် အခုအကြိမ် ပါလီမန်ရွေးကောက်ပွဲဟာ ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ရွေးကောက်ပွဲ ရလဒ် အခြေမလှဖြစ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ရွေးကောက်ပွဲနဲ့ နှိုင်းစာရင် လေဘာပါတီရဲ့ အံ့အားသင့်ဖွယ် အလှည့်အပြောင်းတစ်ခုလို့ ဆိုရမှာပါ။
အခုရလဒ်ကနေ လေဘာပါတီ ကို ပါလီမန်တွင်း အများစုအဖြစ် ရပ်တည်နိုင်စေမှာဖြစ်ပြီးတော့ ၁၄ နှစ်ကြာ အာဏာရယူထားနိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ် အစိုးရကိုလည်း တစ်ခန်းရပ် သွားစေတော့မှာ ဖြစ်ပါတယ်။