ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ်တွေ တည်ဆောက်ဖို့အတွက် လျှောက်လွှာတွေကို မတ်လ ၂၅ ရက်ကနေ ဧပြီလ ၇ ရက်အထိ လျှောက်ထားခွင့်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့က ထုတ်ပြန်ပါ တယ်။ ရေကစားမဏ္ဍပ်လျှောက်လွှာနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှာ ရယူရမှာဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထား တဲ့ လျှောက်လွှာတွေကိုတော့ လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင် ဖို့အတွက် ကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျစီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။မိသားစုရေကစားမဏ္ဍပ်တွေနဲ့ဖျော်ဖြေရေးမဏ္ဍပ်တွေကို ရေရရှိနိုင်တဲ့အခြေအနေ၊ ယာဉ်ကြောကျပ်တည်းမှု အခြေအနေပေါ်မူတည်ပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ မဏ္ဍပ်အကြီးနဲ့ အလတ်တွေကို စနစ်တကျခွင့်ပြု နေရာချထားပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ရေကစားမဏ္ဍပ်လျှောက်ထားရာမှာ အမျိုးအစားခွဲခြားပြီး သတ်မှတ်လျှောက်လွှာပုံစံ၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ထောက်ခံချက်နဲ့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

မဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်မှု စစ်ဆေးရေးကော်မတီရဲ့ စိစစ်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရဲ့ အတည်ပြုခွင့်ပြုချက်ရရှိမှသာ မဏ္ဍပ် စတင်ဆောက်လုပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ခုဆိုရင် ရန်ကုန်မြို့လယ်မှာရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှေ့မှာ မြို့တော်ဝန်မဏ္ဍပ်ကို စတင်ဆောက်လုပ်နေပြီ ဖြစ်ပြီး နေပြည်တော်မှာလည်း လမ်းလျှောက်သင်္ကြန် ကျင်းပဖို့စီစဉ်နေတယ်လို့ သိရပါ တယ်။ အခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီးနောက် ပထမဆုံး ကျင်းပတဲ့ သင်္ကြန်ပွဲတော်လည်း ဖြစ်ပါတယ်။