နေတိုးမဟာမိတ်အဖွဲ့ရဲ့ (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဇူလိုင် ၉ ရက် ဝါရှင်တန်မှာ စတင်မယ့် သုံးရက် ကြာ ထိပ်သီးအစည်းအဝေးမှာ နေတိုးခေါင်းဆောင်တွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ နေတိုးအဖွဲ့ထဲကို ယူကရိန်းဝင်ရောက်ခွင့်ရဖို့ ခိုင်မာတဲ့ရလဒ်တွေနဲ့ အဆုံးသတ်စေချင်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးပုဂ္ဂိုလ် အီဟော ဇိုဗကာက ပြောပါတယ်။
ဥရောပသမဂ္ဂ အစည်း အဝေးအတွက် လူဇင်ဘတ်ကို မသွားရောက်ခင် အင်တာဗျူးတစ်ခုမှာ အီဟော ဇိုဗကာက ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီက လစ်သူယေးနီးယားမှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ ဇယ်လန်းစကီးရဲ့ နေတိုးအဖွဲ့ထဲ ဝင်ရောက်ရေး ကြိုးပမ်းမှုကတော့ မအောင်မြင်ခဲ့ပါဘူး။
အခုနှစ် ထိပ်သီးအစည်းအဝေးမှာတော့ ဒီလို ဖိတ်ကြားမှု ကိစ္စ ဖြေရှင်းသင့်တယ်လို့ ဇယ်လန်းစကီးက ပြောဆိုခဲ့ပါတယ်။
မဟာမိတ်အဖွဲ့ဝင် ၃၂ ဦးအနေနဲ့ စစ်အတွင်းမှာ ကိယက်ဗ်ကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်မှာ မမျှော်လင့်ဘူးလို့ နေတိုးအကြီးအကဲ ယွန်း စတိုလ်တန်းဘာ့ဂ်နဲ့ ဝါရှင်တန်တို့က ပြောဆိုကြပါတယ်။
ဒါပေမဲ့ ယူကရိန်းဟာ အဖွဲ့ဝင်ဖြစ်ဖို့ ပိုမိုနီးကပ်လာတာကို ပြသဖို့ မျှော်လင့် ကြောင်း စတိုလ်တန်းဘာ့ဂ်က ပြောပါတယ်။
မဟာမိတ်တွေဟာ နေတိုးရဲ့ ယူကရိန်းအတွက် လမ်းကြောင်းကို နောက်ပြန်မဆုတ်စတမ်း ဆိုတဲ့အချက်မျိုး ဖော်ပြနိုင်တဲ့ စာသားကို ထိပ်သီးစည်းဝေးပွဲ ထုတ်ပြန်ချက်မှာ ပါဝင်နိုင်ရေး ဆွေးနွေးနေပါတယ်။