ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေးက စစ်ရေးတစ်ကျော့ပြန် စတင်ခဲ့တာကြောင့် အဲဒီဒေသအပေါ် လူသားချင်း စာနာမှုအကူအညီတွေ အလုံးစုံ ဖြတ်တောက်ခံရတဲ့အတွက် မိမိဝန်ထမ်းအင်အားနဲ့ လှုပ်ရှားမှုတွေကို မဖြစ်မနေ လျှော့ချလိုက်ရတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ်လ ၂၄ ရက်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် တိုးလာခဲ့တာကြောင့် ကုလသမဂ္ဂဝန်ထမ်းတွေအပါအဝင် အရပ်သားပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့် အခု မတ်လဆန်းကစပြီး ဂါဇာဒေသကို ပေးပို့နေကျ လူသားချင်းစာနာမှုအကူအညီတွေအားလုံး ဖြတ်တောက်ခံခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။ မိမိတို့အနေနဲ့ ဂါဇာမှာ ကုလသမဂ္ဂဝန်ထမ်းလှုပ်ရှားမှုတွေကို လျှော့ချသွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဂါဇာဒေသကို ကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဘဲ လူသားချင်းစာနာမှုအကူအညီ ဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွား မယ်လို့လည်း ဂူတာရက်စ်က ကတိပြုပြောကြားခဲ့ပါတယ်။