နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်တဲ့ မတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်ခြင်းအကြောင်းအရာတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းအရာကို လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ဦးဆောင် ဆွေးနွေးတာဖြစ်ပြီး စကားဝိုင်းအလိုက် တစ်ဦးချင်းစီကလည်း ပြန်လည် ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ(NSPNC)နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တို့ နှစ်ဖက်သဘောတူ ညီချက်တွေကို လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအလွန်မှာ အားလုံးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ရေး ညီလာခံကြီးတစ်ခု ကျင်းပ နိုင်ဖို့ NSPNC နဲ့ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့တာရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြီးခဲ့တဲ့ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။