နိုင်ငံအတွင်း ကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အပေါ် တူကီယဲသမ္မတ အာဒိုဂန်က အတိုက်အခံပါတီတွေဟာ အကြမ်းဖက်မှုကို လှုံ့ဆော်နေတာလို့ အပြစ်တင်ခဲ့ပါတယ်။ အာဒိုဂန်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ(CHP)ရဲ့ သမ္မတလောင်း၊ အစ္စတန်ဘူလ် မြို့တော်ဝန် အီမာမိုဂလူ ဖမ်းဆီးအကျဉ်းချခံရပြီးနောက် တူကီယဲနိုင်ငံတစ်ဝန်းမှာ ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

အီမာမိုဂလူဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်က တူကီယဲရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး မတ်လ ၂၃ ရက်မှာတော့ အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ အီမာမိုဂလူ ဖမ်းဆီးခံရပြီးနောက် မတ်လ ၁၉ ရက်ကစလို့ တူကီယဲနိုင်ငံတစ်ဝန်းမှာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး မတ်လ ၂၃ ရက် နောက်ပိုင်းမှာတော့ သောင်းနဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက်လာတဲ့အတွက် နိုင်ငံတွင်း တည်ငြိမ်မှုအခြေအနေက ပိုဆိုးရွားလာပါတယ်။မတ်လ ၂၄ ရက်ညပိုင်းက ရုပ်မြင်သံကြားကြေညာချက်တစ်ခုမှာ အာဒိုဂန်က ဆန္ဒထုတ်ဖော်မှုတွေကို “မကောင်း မှု”လို့ တံဆိပ်ကပ်ခဲ့ပြီး အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖို့ လှုံ့ဆော်သူတွေ အဖြစ် စွပ်စွဲခဲ့ပါတယ်။

CHP ပါတီရဲ့ ခေါင်းဆောင်ကတော့ မတ်လ ၂၄ ရက် ညမှာ စုဝေးနေတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပြီး မတ်လ ၂၅ ရက်မှာ အီမာမိုဂလူကို အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံ မယ်လို့ ပြောခဲ့ပါတယ်။CHP ပါတီဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အီမာမိုဂလူကိုပဲ ၂၀၂၈ ခုနှစ် တူကီယဲရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် မတ်လ ၂၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေကတော့ ဆက်ဖြစ် နေဆဲဖြစ်ပြီး မတ်လ ၂၄ ရက် မနက်ပိုင်းအထိ ၁,၁၃၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကူကီယဲ အစိုးရက ပြောပါတယ်။