နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်မှုနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်တဲ့ မတ်လ ၂၅ ရက် မနက်ပိုင်းအစီအစဉ်မှာ နိုင်ငံရေးနဲ့ လုံခြုံ ရေးကဏ္ဍအနေနဲ့ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အနာဂတ်အလားအလာအကြောင်း ဆွေးနွေး ကြပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုတွေ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေ၊ ၂၀၂၅ ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးအလားအလာတွေ၊ ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေး၊ ပြည်သူအခြေပြုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားပေးမြှင့်တင်ဖို့၊ တိုင်းရင်းသားလူမျိုးစုတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်မှုကို အားပေးမြှင့်တင်ဖို့ စတဲ့အချက်တွေကို ဆွေးနွေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် မနက်ပိုင်းအစီအစဉ်မှာ စီးပွားရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေနဲ့ ပဋိပက္ခလျှော့ချ ရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာမှာ ဆက်စပ်တဲ့ကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အကြောင်းအရာတွေကို ဆွေးနွေးကြပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော်မှာရှိတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ကျင်းပနေတာဖြစ်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ကော်မတီဝင်တွေ၊ တပ်မတော်က အငြိမ်းစားအရာရှိကြီးတွေ၊ JMC ကိုယ်စားလှယ်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်နေသူတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကတာဝန်ရှိသူတွေ၊ အသင်းအဖွဲ့တွေနဲ့ လေ့လာသူတွေ ပါဝင်တက်ရောက်ကြပါတယ်။