တူကီယဲသမ္မတ အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက် အီမာမိုဂလူ အကျင့်ပျက်ချစားမှုနဲ့ ဖမ်းဆီးအကျဉ်းချ ခံရပြီးနောက် တူကီယဲနိုင်ငံ နေရာအနှံအပြားမှာ ကြီးမားတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေပါတယ်။ မတ်လ ၂၃ ရက်က ရီပတ် ဘလစ်ကန် ပြည်သူ့ပါတီ(CHP)ရဲ့ သမ္မတလောင်းဖြစ်တဲ့ အစ္စတန်ဘူလ်မြိုတော်ဝန် အီမာမိုဂလူ အကျဉ်းချခံရပြီး အဲဒီနေ့ ညပိုင်းကစလို သောင်းနဲ့ချီတဲ့ ဆန္ဒထုတ်ဖော်သူတွေ လမ်းပေါ်ထွက်လာကြတာပါ။

တူကီယဲနိုင်ငံ ပြည်နယ် ၈၁ ခုထဲက ၅၅ ခုလောက်မှာ စုဝေးဆန္ဒထုတ်ဖော်မှုတွေဖြစ်နေတယ်လို AFP သတင်းဌာန ရဲ့ အချက်အလက်တွေအရ သိရပြီး ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အကြီးဆုံးဆန္ဒထုတ်ဖော်ပွဲတွေ ဖြစ်လာပါ တယ်။ အစ္စတန်ဘူလ်ရဲ့ မြိုတော်ခန်းမအနီးမှာ တူကီယဲအလံကို ဝှေ့ယမ်းနေတဲ့ ဆန္ဒထုတ်ဖော်သူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ထိပ်တိုက်တွေ့နေတာကို မြင်ရပြီး အန်ကာရာနဲ့ အစ်ဇ်မီးယားအပါအဝင် တခြားမြိုကြီးတွေမှာ လည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတာပါ။တူကီယဲမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး မတည်မငြိမ်မှုတွေ ကြုံလာရတယ်လို သတင်းဌာန အများအပြားက ရေးသားထားပြီး အာဏာပိုင်တွေက ဆန္ဒထုတ်ဖော်သူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည် တွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။ အီမာမိုဂလူကတော့ ဘယ်တော့မှ ဦးမညွှတ်ဘူးလို သူအကျဉ်းချမခံရမီမှာ လူမှုကွန်ရက် စာမျက်နှာ X မှာ ရေးသားခဲ့ပါ
တယ်။

အာဒိုဂန်ကတော့ ဆန္ဒထုတ်ဖော်ပွဲတွေကို ရှုတ်ချပြီး CHP ပါတီဟာ ငြိမ်းချမ်းရေးကို နှောင့်ယှက်နေသလို ပြည်သူ တွေကို သွေးကွဲစေတယ်လို စွပ်စွဲပါတယ်။ တူကီယဲရဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတအဖြစ် ၂၂ နှစ်ကြာ အုပ်ချုပ်နေတဲ့ အာဒိုဂန်အတွက် အီမာမိုဂလူဟာ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်တစ်ဦးအဖြစ် အကဲခတ်တွေက သုံးသပ် ကြပြီး လာမယ့် ၂၀၂၈ ရွေးကောက်ပွဲမှာ အာဒိုဂန်နဲ့ ယှဉ်ပြိုင်မယ့် သမ္မတလောင်း ဖြစ်လာနိုင်ချေ ရှိနေတာပါ။ အီမာမိုဂလူကို မြိုတော်ဝန်ရာထူးကလည်း ဆိုင်းငံ့ထားတယ်လို တူကီယဲ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။